အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ၏ထေရုပ္ပတ္တိ
အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိကို ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက် နေ့တွင် ရှမ်းပြည် တောင်ပိုင်း လဲချားမြို့ နောင်ပန်ရွာ၌ မွေးဖွားပြီး၊ ခမည်းတော် လုံးစန်းခမ်းဩ (ရှမ်းတိုင်းရင်း ဆေးဆရာကြီး)နှင့် မယ်တော် ပါစန်းဆွေတို့၏ သားသမီး (၁၀) ယောက်ရှိသည့်အနက် (၇) ယောက်မြောက်သော သားဖြစ်သည်။ ၁၉၇၃ ခုနှစ် မေလ သက်တော် (၇)နှစ်အရွယ်တွင် လဲချားမြို့ သီရိမင်္ဂလာ အုတ်ကျောင်း၊ အရှင်ကေသရ (နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဝင်)ကို ဥပဇ္ဈာယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီးနောက်၊ လဲချားမြို့ ကျောင်းပန်ကျောင်း၊ ပင်လုံမြို့ ပိဋကတ် ကျောင်း၊ တောင်ကြီးမြို့ ဝေဠုဝန်ပရိယတ္တိ စာသင်တိုက်၊ ညောင်ရွှေမြို့ ကံကြီးပရိယတ္တိ စာသင်တိုက်တို့တွင် ပရိယတ္တိအခြေခံကျမ်းစာများသင်ကြားပြီးနောက် သက်တော်(၁၅)နှစ်အရွယ်တွင် ပဲခူးမြို့ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ်ကျောင်းသို့ ကြွရောက်ကာ အကြီးတန်းနှင့် ဓမ္မာစရိယတန်းစာပေများကို ဆည်းပူးသင်ယူခဲ့သည်။
၁၉၈၅ ခုနှစ် သက်တော် (၁၉)နှစ်အရွယ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသည့် 'သာသနဓဇဓမ္မာစရိယဘွဲ့'ကို ရရှိခဲ့သည်။ ၁၉၈၅ ခုနှစ်တွင်ပင် ပဲခူးမြို့ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်ကကျင်းပသော ပါဠိဘာသာဖြင့် ဖြေဆိုရသည့် ဓမ္မာစရိယ စာမေးပွဲ၌ နှစ်ချင်းပေါက်ပထမဖြင့် 'သဒ္ဓမ္မောဒယဓမ္မာစရိယဘွဲ့တော်'၊ ၁၉၈၅ ခုနှစ်တွင် ရဟန်းတစ်ဝါမရမီ ရှမ်းပြည်နယ် ပင်လုံမြို့၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃာ့အဖွဲ့ချုပ်က ကျင်းပသည့် ရှမ်းဘာသာဖြင့် ဖြေဆိုရသော ဓမ္မာစရိယစာပြန်ပွဲတော်၌ 'အဘိပါလ ဓမ္မာစရိယ' ဘွဲ့တော်စသည့် ဓမ္မာစရိယသုံးဘွဲ့ရရှိသည်အထိ ပရိယတ္တိစာပေများကို သင်ကြားခဲ့သည်။
ဓမ္မာစရိယအောင်မြင်ပြီးနောက် ၁၉၈၅ ခုနှစ် မေလ ၂ ရက်နေ့တွင် မော်လမြိုင်မြို့ ဝေဇယန္တာကျောင်းတိုက်၊ ခဏ္ဍသိမ်တွင် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနာဂသေနာဘိဝံသ (တောင် လေးလုံးကျောင်းတိုက်ဆရာတော်ကြီး)ကို ဥပဇ္ဈာယ်ပြု၍ ရဟန်းအမကြီး ဒေါ်ရီနှင့် မိသားစုတို့ ၏ ပစ္စယာနုဂ္ဂဟဖြင့် မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
ဆရာတော်သည် ဗုဒ္ဓကျမ်းစာပေ၊ အင်္ဂလိပ်စာပေတို့ကို မန္တလေးမြို့၊ ရန်ကုန်မြို့နှင့် ထိုင်းနိုင်ငံတို့၌ ဆက်လက်လေ့လာသင်ကြားပြီး၊ ၁၉၉၀ ပြည့်နှစ်တွင် သီရိလင်္ကာနိုင်ငံသို့ကြွရောက်ကာ ၁၉၉၂ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ Buddhist and Pali University of Sri Lanka တက္ကသိုလ်မှ မဟာဝိဇ္ဇာဘွဲ့(MA)ကိုလည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ရှိ ကေလဏီယတက္ကသိုလ် (University of Kelaniya) မှ ဒုတိယမြောက် မဟာဝိဇ္ဇာဘွဲ့(MA)ကို လည်းကောင်း၊ ၁၉၉၆ ခုနှစ်တွင် ကေလဏီယတက္ကသိုလ်မှပင် မဟာဒဿနဘွဲ့(MPhil)ကို လည်းကောင်း၊ စုစုပေါင်း မဟာဝိဇ္ဇာသုံးဘွဲ့ကို အောင်မြင်ခဲ့သည်။ တက္ကသိုလ်တက်နေစဉ် စနေ၊ တနင်္ဂနွေပိတ်ရက်များတွင် သီရိလင်္ကာနိုင်ငံသားများအား ဗုဒ္ဓဘာသာသင်တန်းကို အင်္ဂလိပ်ဘာသာဖြင့် ပို့ချခဲ့သည်။
၁၉၉၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံတွင်နေသော သီရိလင်္ကာဆရာတော် ဘဒ္ဒန္တ ဂလယယေး ပီယဒဿီ မဟာထေရော (Ven. Galayaye Piyadassi Mahathero)က လန်ဒန်ရှိကျောင်းတွင် တရားပြရန်နှင့် ကလေးများကို ဆန်းဒေးစကူးတွင် စာသင်ပေးရန် ဆရာတော်ကို ဗြိတိန်နိုင်ငံသို့ပင့်ဆောင်ခဲ့သည်။ ထိုသို့သာသနာပြု နေစဉ်အတွင်း လန်ဒန်နှင့် ကမ်းဘရစ်ချ်တက္ကသိုလ်ကဲ့သို့ တက္ကသိုလ်ကြီးများတွင် ပါရဂူတန်း ဝင်ခွင့်ရရန်ကြိုးစားခဲ့ရာ ဝင်ခွင့်ရခဲ့သော်လည်း ကျောင်းစရိတ်ပြည့်စုံစွာ မတင်ပြနိုင်သဖြင့် ကျောင်းမတက်နိုင်ခဲ့ဘဲ ထပ်မံအခွင့်အရေးရရန် စိတ်ရှည်စွာစောင့်ခဲ့ရသည်။
၂၀ဝ၀ ပြည့်နှစ်တွင် ဒါယကာတစ်ဦး၏ အကူအညီထောက်ခံစာဖြင့် အောက်စဖို့ဒ်တက္ကသိုလ်သို့ ပါရဂူတန်း ဝင်ခွင့်ရရှိပြီး စတင်တက်ရောက်ခဲ့သည်။ ၂၀ဝ၄ ခုနှစ်တွင် "Idealism and Pragmatism: A Study of Monastic Education in Myanmar and Thailand from the 17th Century to the Present (၁၇ ရာစုမှ မျက်မှောက်ကာလအထိ မြန်မာနှင့်ထိုင်းနိုင်ငံများရှိ ဘုန်းတော်ကြီးသင် ပညာရေးသမိုင်းဖြစ်စဉ်)" ဟူသောခေါင်းစဉ်ဖြင့်ကျမ်းပြုပြီး ပါရဂူဘွဲ့(Doctor of Philosophy) ကို ရရှိခဲ့သည်။
၂၀ဝ၃ ခုနှစ်တွင် အောက်စဖိုဒ့်တက္ကသိုလ်၌ ဗုဒ္ဓစာပေများကို လူအများကျယ်ကျယ် ပြန့်ပြန့် လေ့လာသင်ကြားနိုင်ရန် ရည်ရွယ်ပြီး ယူကေနိုင်ငံ အောက်စဖိုဒ့်မြို့တွင် အောက်စဖိုဒ့် ဗုဒ္ဓဝိဟာရကျောင်းတိုက်ကို တည်ထောင်ပြီး အောက်စဖိုဒ့်တက္ကသိုလ်နှင့် လက်တွဲကာ ဗုဒ္ဓစာပေ၏ အနှစ်သာရများကို သုတေသနပြု သင်ကြားပို့ချလျက်ရှိသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်ရှိ လဲချားမြို့ငယ်လေးမှသည် ဗြိတိန်နိုင်ငံရှိ အောက်စဖို့ဒ် တက္ကသိုလ်မှပါရဂူဘွဲ့ရရှိအောင် လျှောက်လှမ်းခဲ့သော ပညာရေးခရီးဦးအစတွင် အင်္ဂလိပ်စာ သင်ကြားရန်အတွက် ဆရာတော်လောင်းလျာသည် အထူးကြိုးစားခဲ့ရသည်။ သက်တော် ၁၇ နှစ်အရွယ် အကြီးတန်းစာသင်သားဘဝတွင် နွေရာသီ ကျောင်းတစ်လပိတ်ချိန် ၌ ရှမ်းပြည်သို့မပြန်ဘဲ ရန်ကုန်မြို့တွင် အင်္ဂလိပ်စာသင်တန်းများကို တိတ်တဆိတ်ရှာဖွေတက် ခဲ့ရသည်။ ထိုစဉ်က ၁၉၈၀ပြည့်လွန်နှစ်များအထိ အင်္ဂလိပ်စာသင်ခြင်းကို ဆရာတော်များက ခွင့်မပြုဘဲ၊ ဒကာ၊ ဒကာမအများစုကလည်း အမြင်မကြည်ခဲ့ကြပေ။
နိုင်ငံတကာ သာသနာပြုလုပ်ငန်းများ
၁၉၉၃ ခုနှစ်မှစပြီး ယခုအထိတိုင် ဆရာတော်သည် သီရိလင်္ကာ၊ ဗြိတိန်၊ ကနေဒါ၊ ဂျာမဏီ၊ အမေရိက၊ စင်္ကာပူ၊ မလေးရှား၊ မြန်မာ၊ ကိုရီးယား၊ ဟန်ဂေရီ၊ စပိန်၊ ထိုင်း စသော နိုင်ငံများတွင် ဝိပဿနာတရားစခန်းများ ဖွင့်လှစ်သင်ကြားခဲ့သည်။ အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရ ကျောင်းတိုက်၏ ကျောင်းခွဲများကိုလည်း ဖွင့်လှစ်တည်ထောင်ခဲ့သည်။ International Council for the United Nations Day of Vesak ကမ္ဘာ့ဗုဒ္ဓနေ့ (ခေါ်) ဝိသာခနေ့၏ အကျိုးတော်ဆောင်၊ အတွင်းရေးမှူးချုပ်၊ ဒုတိယသဘာပတိအဖြစ် ရွက်ဆောင်ခဲ့ပြီး၊ လက်ရှိတွင်ဆရာတော်သည် ထို ကမ္ဘာ့ဗုဒ္ဓနေ့ (ICUNDV) ၏ အမှုဆောင်အရာရှိတစ်ပါး လည်းဖြစ်သည်။ ၂၀ဝ၇ ခုနှစ်တွင် ကမ္ဘာအရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်များကို စုစည်းပေးပြီး (၁) အပြည်ပြည်ဆိုင်ရာကမ္ဘာ့တက္ကသိုလ် များအသင်းကြီး (IABU: International Association of Buddhist Universities)နှင့် (၂) အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓတက္ကသိုလ်များအသင်းကြီး (IATBU: The International Association of Theravada Buddhist Universities) ဟူ၍ စည်းရုံးတည်ထောင်ပေးကာ အသင်းကြီးနှစ်သင်း၏ အတွင်းရေးမှူးချုပ်အဖြစ် ကမ္ဘာ့သာသနာပြုလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀ဝ၉ ခုနှစ်မှစပြီး ဆရာတော်သည် ကမ္ဘာ့တက္ကသိုလ်များ၌ ပါဠိဘာသာနှင့် ဝိပဿနာတရားတို့ကို အလှည့်ကျသင်ကြားပို့ချပေးလျက်ရှိသည်။
ယခုအခါဆရာတော်သည် ဗြိတိန်နိုင်ငံ အောက်စဖိုဒ့်မြို့ အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရကျောင်းတိုက်၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ အောက်စဖိုဒ့်ဗုဒ္ဓဝိဟာရကျောင်းတိုက်၊ တောင်ကြီးမြို့ ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်တို့၌ သီတင်းသုံးတော်မူလျက်ရှိသည်။ ၁၉၉၆ ခုနှစ်မှစ၍ လန်ဒန် တက္ကသိုလ်၊ ကမ်းဘရစ်ချ်က္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်၊ လန်ဒန်မြို့တွင်းရှိ အထက်တန်းကျောင်းများ၊ ကောလိပ်ကျောင်းများနှင့် London, Brimingham, Manchester, Wales စသောမြို့များတို့၌ နေထိုင်သော ဗုဒ္ဓဘာသာဝင်တို့၏ နေအိမ်များ၌ အခွင့်ကြုံသလို တရားဟောခြင်း၊ တရားပြခြင်းတို့ဖြင့် သာသနာပြုလျက်ရှိသည်။
ဥရောပ သာသနာပြုလုပ်ငန်းများအဖြစ် စပိန်၊ ဟန်ဂေရီ၊ ဆားဗီးယားနိုင်ငံတို့တွင် နှစ်စဉ် ကြွရောက်ပြီးတရားစခန်းများ ဖွင့်လှစ်ပေးခဲ့သည်။ အောက်စဖို့ဒ်ဗုဒ္ဓဝိဟာရ ဆားဗီးယားကျောင်း (Oxford Buddha Vihara (Serbia)) နှင့် လူမျိုးမရွေး ဘာသာမရွေး တရားထိုင်နိုင်သော တရား ရိပ်သာ (Oxford Buddha Vihara (OBV), Park Farm, Britain) တို့ကို ၂၀၁၈ ခုနှစ်က အသစ် တိုးချဲ့တည်ထောင်ကာ သာသနာပြုလုပ်ငန်းများကို ဆက်လက်တိုးချဲ့လုပ်ကိုင်လျက်ရှိသည်။ ထိုင်းနိုင်ငံတွင်လည်း ကျောင်းသားလူငယ်များနှင့် လူကြီးများအတွက် တရားစခန်းကို တစ်နှစ်လျှင် သုံးကြိမ်တိုင် နှစ်စဉ်ဖွင့်လှစ်ပေးသည်။
ပြည်တွင်းသာသနာပြုလုပ်ငန်းများ
၂၀ဝ၅ ခုနှစ်မှစ၍ သာသနာရေးဝန်ကြီးဌာနက ဆက်ကပ်သော ပါမောက္ခတာဝန်ဖြင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေရှိ၊ အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်တွင် သာသနာ့တာဝန် ထမ်းဆောင်တော်မူလျက်ရှိသည်။ ပါရဂူတန်း ကျမ်းစာများကို ကြီးကြပ်ခြင်း၊ စစ်ဆေးပေးခြင်း၊ နိုင်ငံတကာစာတမ်းဖတ်ပွဲနှင့် ညီလာခံများ ဦးဆောင်စုစည်းကျင်းပခြင်း စသည်ဖြင့် ကမ္ဘာတစ်ဝန်းရှိ ဗုဒ္ဓဘာသာပညာရှင်များနှင့်ပြည်တွင်း ပညာရှင်များ၊ စာသင်သားများကို ဆက်သွယ်ဆောင်ရွက်ရာ အခန်းကဏ္ဍတွင် အထူးတာဝန်ယူ လေ့ရှိသည်။
ဇာတိမြေဖြစ်သော ရှမ်းပြည်နယ်၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်၊ နောင်ပန်ရွာတွင် ဆရာတော်မွေးဖွားခဲ့သည့် အိမ်နှင့်ခြံမြေကို ရပ်ရွာသို့လှူဒါန်း အသုံးပြုစေသည်။ ဘာသာရေး နေ့ထူးနေ့မြတ်များတွင် ဓမ္မာရုံအဖြစ် အသုံးပြုနိုင်ရန်လည်းကောင်း၊ ဆင်းရဲနွမ်းပါး၍ ကျောင်း ဆက်တက်ရန် အခွင့်အလမ်း ဆုံးရှုံးနေသော ကလေးသူငယ် လူငယ်လူရွယ်များအား ပညာရေးကဏ္ဍတွင် ပံ့ပိုးထောက်ပံ့ မြှင့်တင်နိုင်ရန်ရည်ရွယ်၍ လူငယ်များဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးအသင်း (CBY: Capacity Building Youth) ကို ဖွဲ့စည်း၍ အဖွဲ့အတွက်အသုံးပြု နိုင်ရန် လည်းကောင်း၊ ၂၀၁၄ ခုနှစ် သက်တော် ၅၀ ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးချင်း အားလုံး၏ သဘောတူညီမှုဖြင့်လှူဒါန်း၍ ရပ်ရွာအကျိုး ဆောင်ရွက်ထားရှိသည်။
လဲချားမြို့နယ်၏ ပြည်သူ့ဆေးရုံကို တိုးချဲ့မွမ်းမံပြင်ဆင်ခြင်း၊ နယ်လှည့်ဆေးကုသရေး အဖွဲ့အစည်းများဖြင့် ကျေးရွာများ၏ကျန်းမာရေးစောင့်မှုပေးခြင်းများကိုလည်း နှစ်စဉ်ဦးဆောင် ပြုလုပ် ပေးလျှက်ရှိပါသည်။ ဆရာတော်မှ ဦးဆောင်ဖွဲ့စည်းပေးထားသော အမိကမ္ဘာမြေကို ကယ်တင်ပါ (S.M.E: Save the Mother Earth Group) လူမှုအကျိုးပြုလူငယ်အဖွဲ့သည် အစိုးရ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ NGO များနှင့်အတူ ဒေသခံတိုင်းရင်းသားလူငယ်များ ပါဝင်ဖွဲ့စည်းပြီး သစ်တောများထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များစိုက်ခြင်း၊ အမှိုက်များ စနစ်တကျသိမ်းခြင်း၊ ကျောင်းသားလူငယ်များအား ပညာရေးဆိုင်ရာ စာအုပ်စာတမ်းနှင့် ကျောင်းရန်ပုံငွေထောက်ပံ့ခြင်း အစရှိသည့် လူမှုအကျိုးပြုလုပ်ငန်းများကို လည်း စီစဉ်ဆောင်ရွက်ခဲ့သည်။
၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်(ရှမ်းပြည်နယ်နေ့)တွင် ရှမ်းပြည်နယ်၊ တောင်ကြီး မြို့ ဘုရားဖြူရပ်ရှိ ပညာဗောဓိကုန်းမြေပေါ်တွင် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (SSBU: Shan State Buddhist University) ကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူ မြန်မာနိုင်ငံတွင်လည်း ဗုဒ္ဓဘာသာ အဆင့်မြင့်ပညာရေးကဏ္ဍကို အတွေးအခေါ်များ၊ တရားဓမ္မများအား အင်္ဂလိပ်ဘာသာဖြင့် ကမ္ဘာ့အဆင့်မီ သုတေသနပြုလေ့လာ သင်ကြားပို့ချနိုင်သည့် တက္ကသိုလ်ဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါ မဟာဝိဇ္ဇာနှင့် ပါရဂူတန်းသင်တန်းသားများ စတင်လက်ခံပြီး ပညာဆည်းပူးနေကြပြီဖြစ်သည်။
ဗုဒ္ဓတက္ကသိုလ်တည်ထောင်ရာတွင် စာကြည့်တိုက်ကို ပထမဦးစားပေး၍ တည်ထောင်ခဲ့သည်။ ပါရဂူဘွဲ့မရမီကတည်းကပင် မြန်မာနိုင်ငံသို့ ပြန်ကြွလာတိုင်း ဗုဒ္ဓဘာသာဆိုင်ရာ အင်္ဂလိပ်စာအုပ်များကို ကမ္ဘာတစ်လွှားမှ ရှာဖွေစုဆောင်းခဲ့ပါသည်။ မြန်မာပြည်တွင်း၌လည်း ရှေးဟောင်းစာပေများ၊ ပုရပိုက်များနှင့် ခေတ်ပေါ်စာပေများအားလုံးကို ဆရာတော်ကိုယ်တိုင် နှင့် တပည့်များက စုဆောင်းကြခြင်း၊ အလှူရှင်များကလည်း လာရောက်လှူဒါန်းကြခြင်းဖြင့် စာအုပ်များကိုစုဆောင်းခဲ့သည်။ အင်္ဂလန်တွင်ရှိသော မြန်မာနိုင်ငံဆိုင်ရာပညာရှင်များကလည်း သူတို့တသက်တာ စုဆောင်းထားသော စာအုပ်များကို လှူဒါန်းကြပါလျှင် ဆရာတော်က လှူဒါန်းသူနာမည်ဖြင့် သေချာစွာ အထူးစာစု(Special Collection)အဖြစ် သိမ်းဆည်းထားစေခဲ့သည်။ စာကြည့်တိုက်ကို တနင်္ဂနွေနေ့မှအပ ဖွင့်လှစ်ပေးလျက်ရှိရာ ဗုဒ္ဓဘာသာသုတေသန ကျမ်းပြုသူ သင်တန်းသား ရဟန်းတော်၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များက အသုံးပြုလျက်ရှိပါသည်။