SSBU Logo

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်အကြောင်း

ဗုဒ္ဓဘာသာပညာရှင်ရဟန်းတော်များ တည်ထောင်ထားသည့် ကမ္ဘာ့ရှေးအကျဆုံးအဆင့်မြင့် ပညာရေးဌာနဖြစ်သည့် နာလန္ဒတက္ကသိုလ်(5-12ရာစုနှစ်)နှင့် မြန်မာနိုင်ငံ၏ ပရိယတ္တိအမွေအနှစ်ကို ထင်ရှားကျယ်ပြန့်စွာ ဖော်ဆောင်သော ဓမ္မာစရိယနှင့် သာမဏေကျော်စာသင်နည်းတို့ကို အားကျ အတုယူလျက် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် (Shan State Buddhist University) သည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်သမိုင်းတွင် ပထမဆုံးတည်ထောင်သော ဗုဒ္ဓတက္ကသိုလ်ဖြစ်သည်။ တည်ထောင်သူ အောက်စ်ဖို့ဒ်ဆရာတော် ဒေါက်တာ အရှင်ဓမ္မသာမိသည် ၂၀၀၇ခုနှစ်တွင် ကမ္ဘာ့အရပ်ရပ်ရှိ ဗုဒ္ဓတက္ကသိုလ်များ စုစည်းပေးပြီး စည်းရုံးတည်ထောင်ထားသော အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်ကြီးများအသင်း (International Association of Buddhist Universities) နှင့် အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓတက္ကသိုလ်အသင်းကြီး (The International Association of Theravada Budhhist Universities) အသင်းနှစ်သင်း၏ အတွင်းရေးမှူးချုပ်အနေဖြင့် နိုင်ငံတကာရှိ ဗုဒ္ဓတက္ကသိုလ်များသို့ အလည်ရောက်တိုင်း မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့အဆင့်မှီ ဗုဒ္ဓတက္ကသိုလ်ကြီး တစ်ခု တည်ထောင်ရန် ပြင်းပြသော ဆန္ဒအစဉ်ရှိခဲ့သည်နှင့်အညီ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်(SSBU) ကို ဦးဆောင်တည်ထောင်ထားခြင်း ဖြစ်ပါသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်ကို မြန်မာနိုင်ငံ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ရှိ ပညာဗောဓိကုန်းမြေပေါ်တွင် ကောဇာသက္ကရာဇ် ၁၃၇၇-ခုနှစ်၊ ပြာသိုလပြည့်ကျော် (၁၄)ရက်၊ ခရစ်နှစ် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပြည်တွင်းပြည်ပမှ ထင်ရှား ကျော်ကြားသော ဆရာတော်ကြီးများ၊ ပညာရှင်များ၊ နိုင်ငံတော်အကြီးအကဲများနှင့် ပြည်တွင်းပြည်ပ မှ အလှူရှင်များစုံလင်စွာ တက်ရောက်၍ တစ်ရက်တာ နိုင်ငံတကာစာတမ်းဖတ်ပွဲကျင်းပခြင်းဖြင့် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

ထိုဖွင့်ပွဲအထိမ်းအမှတ်အဖြစ်ကျင်းပသော နိုင်ငံတကာစာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြား တော်မူသော ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ မထေရ်မြတ်က ရှမ်းပြည် နယ်ဗုဒ္ဓတက္ကသိုလ်တည်ထောင်သူ အောက်စ်ဖို့ဒ်ဆရာတော်ဘုရားကို (၉.၁၀.၂၀၁၄)နေ့တွင် ဗုဒ္ဓ တက္ကသိုလ်တည်ထောင်ရန်အတွက်မှတ်သားစရာတစ်ခုအဖြစ် “ဗုဒ္ဓတက္ကသိုလ်တစ်ခုအတွက်အရည် အသွေးသည် အရည်အတွက်ထက် အရေးကြီးသည်။ စိတ်မလောနဲ့၊ အခြေခံနိုင်အောင် ပြုလုပ်ပါ” ဟု ရန်ကုန်မြို့၌ မိန့်ကြားတော်မူခဲ့သောကြောင့် ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်သည် ခိုင်မာသော ပညာ ရေး၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးတို့ကိုစုစည်းပြီး “ဘာသယေ ဇောတယေ ဓမ္မံ - တရားတော်ကို ဆွေးနွေး ကြံဆ ထွန်းတောက်ပစေမည်” ဟု တက္ကသိုလ်ဆောင်ပုဒ်ဖြင့် အဓိဋ္ဌာန်ပြုထားသည့် အတိုင်း ဗုဒ္ဓသာသနာရေရှည်တည်တံ့ရန်အတွက် စိတ်တူကိုယ်တူ ဝိုင်းဝန်းလုပ်ကိုင်ဆောင်ရွက် နေကြပါသည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာအဆင်မြင့်ပညာရေးကဏ္ဍကို ကမ္ဘာ့တက္ကသိုလ်ကြီးများနည်းတူ ဗုဒ္ဓဘာသာအတွေးအခေါ်များ၊ တရားဓမ္မများ အင်္ဂလိပ်သာသာဖြင့် ကမ္ဘာ့အဆင့်မှီ သုတေသနပြု လေ့လာသင်ကြားပို့ချနိုင်သည့် တက္ကသိုလ်ကြီးဖြစ်ထွန်းလာစေရေး အားသွန်ခွန်စိုက်ကြိုးပမ်းလျက် ရှိရာ ယခုအခါ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဝိဇ္ဇာနှင့် ပါရဂူသင်တန်းသားများ လက်ခံပြီး ပြည်တွင်းပြည်ပမှ ကျောင်းသားရဟန်းတော်၊ သီလရှင် နှင့် လူပုဂ္ဂိုလ်များ ပညာဆည်းပူနေကြပြီဖြစ်ပါသည်။

နိုင်ငံတကာတက္ကသိုလ်များ၌ ဗုဒ္ဓတရားတော် အရှိန်အဟုန်မြင့်မားစွာ ထိုးဖောက်ထွန်းလင်း တောက်ပနိုင်စေရာ၌ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနှင့် တက်တက်ကြွကြွပါဝင်နိုင်ရန် ရှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ် ပညာရေးပေါ်လစီကို ကောင်းစွာချမှတ်ထားပါသည်။ ယင်းကျွမ်းကျင်မှု နည်းစနစ် များ တည်ဆောက်မြှင့်တင်နိုင်ရေးအတွက် ယခုအခါ အောက်ပါဌာနသုံးခုတို့ကို တည်ထောင်ထား ပြီး အခြားဘာသာရပ်များကိုလည်း ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ လုပ်ထုံးလုပ်နည်းနှင့်အညီ ဌာနအ ဆင့်တည်ထောင်နိုင်ရန် ကြိုးစားလျက်ရှိပါသည်။

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားခဲ့သောဌာနများမှာ

ဌာနအဆင့် အပြည့်မရသေးသော်လည်း ဌာနအဆင့်အပြည့်အဝရရှိရေးတို့ ဦးတည်နေသော ဘာသာ ရပ်များကို ယူနစ်ဘာသာရပ် (Subject Unit) ဟုခေါ်ပါသည်။ ယူနစ်ဘာသာရပ်များမှာ -

ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ်တွင် ပညာသင်နှစ် ၂၀၁၈ခုနှစ်မှ အင်္ဂလိပ်ဘာသာဖြင့် စတင်၍ ပါရဂူဘွဲ့(Ph.D.)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) တို့ကို စတင်သင်ကြားနေပြီး၊ ပညာသင်နှစ် ၂၀၂၀ခုနှစ်တွင် ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ပါဠိနှင့်ဗုဒ္ဓစာပေလေ့လာခြင်း နှင့် ဝိဇ္ဇာဘွဲ့(B.A) ရှမ်းဗုဒ္ဓဘာသာ + ပုရပိုက် စာပေလေ့လာခြင်းတို့ကို တိုးချဲ့ဖွင့်လှစ်သင်ကြားနေပါသည်။ ပညာသင်နှစ် ၂၀၂၂ခုနှစ်တွင် စာကြည့်တိုက်ဆိုင်ရာ ဘွဲ့လွန်ဒီပလိုမာ Postgraduate Diploma in Library information and Management အတန်းကိုလည်း ဖွင့်လှစ်သင်ကြားနေပါသည်။ ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် ကျောင်းဝင်ခွင့်နှင့် အခြားအကြောင်းအရာများ အသေးစိတ်သိရှိလိုပါက https://www.ssbu.edu.mm/ ကို သွားရောက်လေ့လာနိုင်ပါသည်။